အတွေးအခေါ်ပညာရှင်ကြီး“ရူးဆိုး” (Rousseau) ရဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဆိုအမိန့်ပါ။ သူ့အဆိုဟာ ယနေ့အထိ မှန်ကန်နေဆဲပါ။ သူ့အဆိုကို ဘာထရန်ရပ်ဆဲလ်က“လူဆန်တဲ့ လူသားမွေးထုတ်ခြင်း” တဲ့။ ပညာရေးရဲ့ နောက်ဆုံးရလဒ်က ကောင်းမှု(ဓမ္မ)နဲ့ မကောင်းမှု(အဓမ္မ) တို့ကိုဝေဖန် ဆန်းစစ်နိုင်စွမ်းရှိပြီး အမှန်တရားကို သစ္စာခံတဲ့ ဘက်တော်သားဖြစ်လာကာ လောကကောင်းကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သူ ဖြစ်လာခြင်းပါပဲ၊ အဲဒါမှ ပြည်သူ့သားကောင်း (good citizen)ပါ။
နိုင်ငံသားကောင်း၊ ပြည်သူ့သားကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် ပြည်သူပြည် သားကောင်း တစ်ယောက် ရဲ့ အခွင့်အရေး၊ တာဝန်နဲ့ ၀တ္တရား၊ လေးစားလိုက်နာရမယ့် စည်းကမ်းတွေက ဘာတွေလဲ။ အဲဒါတွေ သိအောင်၊ ပြီးတော့လေးစားကာ လိုက်နာ ကျင့်သုံးအောင် ဘယ်လိုလုပ်မှာလဲ။ ပြည်သူပြည်သားကောင်းဆိုတာ တစ်ဦးတစ်ယောက်အတွက် မဟုတ်ပါ။ နိုင်ငံအတွင်းရှိ ဆူကြုံနိမ့်မြင့် နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူပြည်သားကောင်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံကြီးသားစိတ်ထား အရည်အသွေးတွေပြည့်ဝမှ အဲဒီနိုင်ငံဟာ ငြိမ်းချမ်းမှု၊ သာာယာမှုနဲ့ ပြည့်စုံပြီး ဖွံ့ဖြိုးတိုးတက်မှုကို အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်မှာ။ ပြည်သူလူထုကို နိုင်ငံသားကောင်းတွေ ဖြစ်လာအောင် အုံနဲ့ကျင်းနဲ့ အစုအဝေးနဲ့ လေ့ကျင့်ပေးနိုင်တဲ့လုပ်ငန်းက ပညာရေးပါပဲ။ ပညာရေးရဲ့ လုပ်ငန်းတွေ၊ မျှော်မှန်းချက်တွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖော်နေတဲ့ နေရာတွေကတော့ ကျောင်းတွေပါ။ မူကြို၊ မူလတန်းမှသည် ကောလိပ် တက္ကသိုလ် အမျိုးမျိုးအထိပါ။ များသောအားဖြင့် လူတွေက ထင်ကြပါတယ်။ ကျောင်းဆိုတာ “သင်” တဲ့နေရာ၊ အထူးသဖြင့် “စာသင်” တဲ့နေရာ၊ တကယ်တမ်းမှာ ကျောင်းဆိုတာ လူသားတစ်ဦးချင်းကို လူကောင်းလူတော် ဖြစ်အောင် လေ့ကျင့်ပေး၊ ပြင်ပေးတဲ့နေရာတွေမို့ ကျနော်တို့ ဆရာကြီးတွေက “လူပြင်” တဲ့ နေရာပါတဲ့။ လူကိုပြင်တယ်ဆိုတာ ရုပ်ဝတ္ထုလို ရိုက်နှက်၊ ထုထက် တပ်ဆင်လိုက်လို့ ပြီးတဲ့နေရာ မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ်လေ့ကျင့်ပေးမှ ရတဲ့အရာပါ။ ဘ၀ တစ်လျှောက်လုံး လေးစားလိုက်နာကာ အထုံပါရမီလိုစွဲပြီး ကျင့်သုံး သွားသည်ထိ လေ့ကျင့်ပေးတာပါ။
ပြည်သူပြည်သားကောင်းဆိုတာ မိမိလိုက်နာရမယ့် ကျင့်ဝတ်ကို သိနေရုံနဲ့ မပြီးပါ။ လေးစားလိုက်နာ ကျင့်ကြံမှု နဲ့ ပြည့်စုံမှဖြစ်မှာပါ။ ပြည်သူပြည်သားကောင်းတစ်ယောက်အနေနဲ့ လေးစားလိုက်နာ တန်ဘိုးထားကျင့်သုံးရ မယ့်အရာမို့ “ပြည်သူ့နီတိ”(Civics) လို့သုံးနှုန်းတာပါ။ ကမ္ဘာ့နိုင်ငံများမှ ပညာရေးပညာရှင်တွေလက်ခံထားတာ က ပြည်သူ့နီတိနဲ့ ကျောင်းဆိုတာ ရုပ်နဲ့နာမ် (Body and Soul) လိုပါပဲ။ ခွဲခြားလို့ရကောင်းတဲ့အရာမဟုတ်ပါတဲ့။ ဘာလို့လဲဆိုတော့ ကျောင်းဆိုတာ ကလေးတွေကို ထူးချွန်ထက်မြက်တဲ့ ပြည်သူပြည်သားကောင်းဖြစ်အောင် လေ့ကျင့်ပေးတဲ့နေရာ ဖြစ်လို့ပါပဲ။ ဒါကြောင့်ပြည်သူ့နီတိဟာ ကျောင်းမှာ မိသားစုမှာ ရပ်ကွက်၊ ကျေးရွာ၊ မြို့တွေမှာ ဘုရားကျောင်းမှာ၊ အလုပ်ခွင်အသီးသီးမှာ ၊ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေမှာ၊ အားကစားအသင်း တွေ၊ မီဒီယာအမျိုးမျိုးတွေနဲ့ နောက်ဆုံးရွေးကောက်ပွဲတွေ၊ ရွေးကောက်ပွဲရဲ့စည်းရုံးရာမှာ မိမိရဲ့ကုန်ပစ္စည်း ကြော်ငြာအဆုံး ကျင့်သုံးလိုက်နာရမယ့် အရာပါ။ ပြည်သူ့နီတိဟာ တစ်ဦးချင်းမှသည် မိသားစု၊ မိသားစုမှသည် ကျောင်း၊ ရပ်ကွက်၊ အဖွဲ့အစည်းနှင့်နောက်ဆုံး မိမိနိုင်ငံနဲ့ ကမ္ဘာ့ရွာကြီးအဆင့်ထိ ကျင့်သုံးရမယ့် အသိနဲ့ အကျင့်ပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ ဆရာကြီးဦးအုန်းမောင်ရေးသားတဲ့ “ပြည်သူ့နီတိ” ကို မူလတန်းမှ အလယ်တန်းအထိ သင်ကြားခဲ့ရပါတယ်။ နံနက်ကျောင်းစတက်တဲ့အချိန်မှာ သင်ရတာပါ။ မူလတန်းမှာ “ပြည်သူ့နီတိ” (Civics) သက်သက်နဲ့ အလယ်တန်းမှာ “ပြည်သူ့နီတိနှင့်ကျန်းမာခြင်း” (Civics and hygiene) ဆိုပြီး သင်ကြားရပါတယ်။
ဆရာကြီးရေးတဲ့ မူလတန်း ပြည်သူ့နီတိအထဲမှာ ပေါင်းသင်းရေးနှင့် ပညာရေး၊ စည်းကမ်းသေ၀ပ်ရေး၊ မကောင်းမှုကို မပြုသင့်ကြောင်း၊ အချိန်မှန်ခြင်း၊ လမ်း၌ယဉ်ကျေးမှု၊ ကိုယ်ချင်းစာ၊ ၀တ္တရားရှိသူ၊ ယဉ်ကျေးမှု၊ မိဘစကား နာယူအပ်ခြင်း၊ တိရစ္ဆာန်များကို သနားခြင်း၊ ကျောင်းသမပါယမ၊ သက်ကြီးပူဇော်ပွဲ၊ ငယ်စဉ်က ပညာသင်အပ်ခြင်း၊ ကျောင်းတာဝန်ခွဲဝေမှု၊ ထမ်းဆောင်ခြင်း၊ ကျေးရွာတာဝန်ခွဲဝေထမ်းဆောင်ရေး၊ ခန္ဓာကိုယ် သန့်ရှင်ရေး၊ အ၀တ်သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး၊ ယဉ်ကျေးမှုနှင့် သန့်ရှင်းရေး”…..စသည်ဖြင့် သင်ကြားခဲ့ရပါတယ်။
ထို့အတူ အလယ်တန်း ပြည်သူ့နီတိမှာတော့ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမပိုင်းမှာ “အုပ်ချုပ်ရေး အခန်း”၊ ဒုတိယအပိုင်းမှာ “ကျန်းမာခြင်းပညာ”ဖြစ်ပါတယ်။ ပထမပိုင်းတွင် “ပြည်သူ့အခွင့်အရေးနှင့် ပြည်သူ့ ၀တ္တရား၊ ကျေးရွာသားနှင့် သူကြီးဝတ္တရား၊ ဆယ်အိမ်ခေါင်း၊ ရွာခေါင်း၊ ကျေးရွာကော်မတီ၊ မြို့ပြအုပ်ချုပ်ရေး၊ မြူနီစီပယ်၊ မြို့ကော်မတီ ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများ ဖြေဖျော်မှု၊ ပျော်ပွဲရွှင်ပွဲများ၊ ပညာရှာမှီရာဌာနများ စသည်တို့ရှိပါသည်။ ကျန်းမာခြင်းအပိုင်းမှာ “အဆောက်အဦး သန့်ရှင်းရေး၊ သွားကိုဂရုစိုက်ရန်၊ ကွမ်းစားခြင်း အပြစ်များ အိပ်စက်အနားယူခြင်း၊ မီးဖိုဆောင်၊ လမ်းဘေးဆေးဆိုင်၊ ကာလ၀မ်းရောဂါ၊ လေအကြောင်း၊ ပလိပ်ရောဂါ၊”စသည်တို့ပါ။ တော်သလောက် ကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်သော ပြည်သူပြည် သားကောင်း တစ်ယောက်ပေါ်ထွန်း လာရေးပါ။ ကျွန်တော်တို့ကျောင်းတွေမှာ ပြည်သူ့နီတိဘာသာရပ်နှင့်ဝေးခဲ့ တာကြာပါပြီ။
နိုင်ငံတကာမှာ ပြည်သူ့နီတိကို ကျောင်းတွေမှာ သင်ကြားပေးတဲ့ရည်ရွယ်ချက်ကတော့ အဲဒီနိုင်ငံရဲ့ အနာဂတ်မှာ နိုင်ငံကြီးသားတွေ ပေါ်ထွန်းလာစေဖို့ပါ။ နိုင်ငံကြီးသားစိတ်ထား ကြွယ်ဝသူတွေအနေနဲ့ ပိုင်ဆိုင် ရမယ့်အရာတွေကတော့ -
(က) အသိတရားမြင့်မားစေခြင်း
၁။ စာရိတ္တ၏ တန်ဖိုး (ဥပမာ ရိုးသားမှု၊ လေးစားမှု၊ တာဝန်သိမှု၊ အကျင့်စာရိတ္တခိုင်မြဲမှု) ကိုသိရှိခြင်း
၂။ မိသားစုစိတ်ဓါတ် မြင့်မားမှုတန်ဖိုး (မိသားစုအချင်းချင်း မြတ်နိုးခြင်း၊ ဂရုစိုက်ခြင်း၊ မိသားစု၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း) ကို နားလည်ခြင်း။
၃။ အဖွဲ့အစည်းစိတ်ဓါတ် (အတန်းတွင်း၊ ကျောင်းတွင်း၊ ရပ်ကွက်တွင်း ပူးပေါင်းလုပ်ဆောင်မှု၏ တန်ဖိုးကိုသိရှိ လာခြင်း) ကိုသဘောပေါက်ခြင်း။
၎။ မိမိပတ်ဝန်းကျင်၏ လေးစားတန်ဖိုးထားခြင်းကို သိရှိလာခြင်း (အတန်း၊ ကျောင်း၊ ရပ်ရွာ ဂုဏ်တက်အောင် ပြုမှုဆောင်ရွက်လိုစိတ်)
၅။ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေးစားရမည်ဟူသော အသိရှိလာခြင်း။
၆။ အမျိုးသားစံနှုန်းနှင့် နိုင်ငံသားကောင်း တစ်ယောက်၏ အရည်အသွေများကို သိရှိလာခြင်း။
(ခ) မြင့်မားသည့် စိတ်သဘောထား ရှိခြင်း
၁။ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိစွာဖြင့် တာဝန်ကို ထမ်းဆောင်နိုင်ခြင်း။
၂။ တာဝန်သိ၍ တာဝန်ယူဆောင်ရွက်လိုစိတ် ရှီခြင်း။
၃။ အခက်အခဲကို နောက်မဆုတ်ဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခြင်း။
၎။ သူတစ်ပါးအား ရိုင်းပင်းကူညီလိုစိတ် ပြည့်ဝခြင်း။
၅။ အသက်၊ ၀ါ၊ ပညာ၊ ဂုဏ်ကြီးသူကို ရိုသေလေးစားသည့် အလေ့အထရှိခြင်း။
၆။ လူအချင်းချင်း ဘ၀နောက်ခံမတူမှုနှင့် စရိုက်ကွဲပြားမှုများကို အသိအမှတ်ပြုခြင်း။
၇။ သူတစ်ပါးအောင်မြင်အောင် ကူညီစွမ်းဆောင်ပေးလိုခြင်း။
၈။ ကွဲပြားသောလူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုးထားခြင်း။
၉။ ရပ်ရွာအကျိုး၊ လူထုအကျိုး၊ အဖွဲ့အစည်းကောင်းကျိုး သယ်ပိုးလိုစိတ် ပြင်းထန်ခြင်း။
၁၀။ လူမျိုးနဲ့ တိုင်းပြည်ကိုချစ်ပြီး ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့ အကျင့်ဖြင့် နေထိုင်ခြင်းတို့ ဖြစ်ပါသည်။
အထက်ပါအချက်အာလုံးကို ခြုံလိုက်လျှင် ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရခြင်းရဲ့ နောက်ဆုံးရလဒ်က တော့
(က) နိုင်ငံသူနိုင်ငံသားကောင်း (Good citizen) (ခ) လူတော်လူကောင်း (Good person) (ဂ) ဒီမိုကရေစီ အကျင့်ကို လေးစားတန်ဖိုးထားသူ (သို့) ဒီမိုကရေစီဝါဒီကောင်း (Good democrat) တွေ ပေါ်ထွန်းလာခြင်းတို့ ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းကထွက်သွားတဲ့ လူငယ်တစ်ယောက်ကို လေ့ကျင့်ပေးလိုက်တဲ့ အရာအား လုံးအနက် ရင်ထဲ၊ ဦးနှောက်ထဲ စွဲကျန်ရစ်မယ့် အဓိကအရာကတော့ ပြည်သူ့နီတိပါပဲ။ ဆိုလိုတာက အဲဒီလူငယ် ဟာ ပြည်သူ့နီတိကို လေးစားလိုက်နာ ကျင့်သုံးသူ (Civic-minded person) ဖြစ်သွားဖို့ပါ။ ကမ္ဘာတစ်ဝန်းက လူ့အဖွဲ့အစည်းအားလုံးရဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှုကို အဲဒီလိုလူတွေကသာ ဆောင်ရွက်ကြမှာမို့ပါ။
ကျွန်တော်တို့ရဲ့ နိုင်ငံတော်က ချီတက်သွားနေတဲ့ လမ်ကြောင်းက ဒီမိုကရေစီလမ်းကြောင်းပါ။ ဒီမိုက ရေစီဟာ နိုင်ငံကြီးသား စိတ်ထားကြွယ်ဝတဲ့ ပြည်သူပြည်သားကောင်းတွေနဲ့မှ အောင်အောင်မြင်မြင်ကျင့်သုံးနိုင် မှာ။ ဒါ့ကြောင့် နိုင်ငံတကာ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားပေးတာဟာ “ဒီမိုကရေစီအလေ့အကျင့်ရ အောင် လေ့ကျင့်ပေးတာပါပဲ၊ ထို့အတူ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက ကျောင်းတွေမှာ ပြည်သူ့နီတိသင် ကြားပေးတာဟာ“နိုင်ငံရေးကောင်းဖို့” ပါတဲ့။ ပြည်သူ့နီတိ ကုံလုံတဲ့ နိုင်ငံသာတွေပေါပါမှ ဒီမိုကရေစီရဲ့“စံ” ၊ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်လို့ပါ။
ကလေးငယ်တွေဟာ ပြည်သူ့နီတိသင်ကြားပေးမှုကင်းမဲ့ခဲ့ရင် ကြီးနိုင်ငယ်ညှဉ်းနဲ့ အတ္တစိတ်ထားကြီးသူ၊ စာနာစိတ်မဲ့သူ၊ စည်းကမ်းမလေးစားသူ၊ တာဝန်မသိတတ် သူတွေအဖြစ် ကြီးပြင်းလာမှာပါ။ အဲဒီစိတ်ထားဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာ မရှိအပ်တဲ့ စိတ်ထားနဲ့ အကျင့်ပါ။ အဲဒီသူတွေလက်ထဲ ဒီမိုကရေစီ ရောက်သွားလို့ ကတော့ ၀ရုန်းသုန်းကား ဒီမိုကရေစီပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်မှန်းတာက “စံပြည့် ဒီမိုကရေစီ လူ့ဘောင်”ပါ။
အဲဒီလိုဖြစ်ဖို့ကတော့ ပြည်သူပြည်သားကောင်း၊ လူတော်၊ လူကောင်းနဲ့ ဒီမိုကရေစီ ၀ါဒီကောင်း တွေ လေ့ကျင့်ပေးနိုင်စွမ်း ရှိတဲ့ “ပြည်သူ့နီတိ” ဘာသာရပ်ကိုကျောင်းတွေမှာ (အထူးသဖြင့် မူလတန်းနဲ့ အလယ်တန်းကျောင်းအဆင့်) မဖြစ်မနေ သင်ကြားပေးဖို့ လိုတဲ့အချိန်ပါ။ ဒါမှမြန်မာတို့ရဲ့ “စံပြည့် ဒီမိုကရေစီ နိုင်ငံဆီသို့ ချီတက်ပွဲ” မှာ ဆူးညှောင့် ခလုပ် ကန်သင်း ကင်းကင်းနဲ့ အေးချမ်းသာယာစွာ ချီတက်နိုင်မှာပါ။
ဒေါက်တာမောင်သင်း
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၅
၂-ဇွန်-၂၀၁၁
http://www.maukkha.org မှကူးယူဖေါ်ပြသည်။
No comments:
Post a Comment
အပြုသဘောဆောင်သော အကောင်းမြင် ၀ါဒဖြင့် ဝေဖန် အကြံပေး မှူ့ များအား
အထူးကြိုဆို ဖိတ်ခေါ်လျှက်...
Burmese Canadian Network Group.